၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၂၈ မိနစ် ) ‌ပညာစစ်ပွဲ ဆင်နွှဲမည့်သူများ


၂၀၁၉ ဒီဇင်ဘာက တရုတ်နိုင်ငံ CSE (China’s Standards of English Language Ability) အဖွဲ့ဟာ TOFEL iBT နဲ့ ချိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

တရုတ်လို အင်္ဂလိပ်ကို အထင်မကြီးဘူးဆိုတဲ့ နိုင်ငံက သူ့နိုင်ငံသားတွေကို TOFEL ဖြေနိုင်ဖို့ စီစဉ်ပေးနေ တာကတော့ ကမ္ဘာကြီးပြောင်းလဲနေပြီဆိုတာကို ထင်သာမြင်သာရှိစေတဲ့ အချက်ပဲဖြစ်ပါတယ်။

ကွန်မြူနစ်နိုင်ငံတော်ကြီးဟာ ကမ္ဘာကိုယှဉ်နိုင်အောင် ဘာမဆိုလုပ်တော့မယ်ဆိုတာ ထင်ရှားလာတယ်။ တရုတ် လေးတွေကို Reading, Listening, Speaking, Writing လေးမျိုးကို ကျွမ်းကျင်စေဖို့ တရားဝင် လမ်းဖွင့်ပေးလာတဲ့ သဘောပဲ။ ခါတိုင်း မိဘတွေက သူတို့နည်း သူတို့ဟန်တွေနဲ့ သားသမီးတွေကို TOFEL ဖြေခိုင်းနေရာက ကိုယ့်တိုင်း ပြည်မှာပဲ တရားဝင်ဖြေဆိုခွင့် ပြုတော့မယ်ဆိုတာ ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံအနေနဲ့ ပညာရေးမှာ အင်္ဂလိပ်ဘာသာ စကားကို ဒုတိယဘာသာစကားအဖြစ် အသိအမှတ်ပြုလာတာလို့လည်း ယူဆရပါတယ်။

တရုတ်ဟာ မထင်မှတ်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာတာ သိရသလောက် သုံးလေးနှစ်လောက် ရှိပါပြီ။ တင်းကျပ်တဲ့ မြန်မာနိုင်ငံက တက္ကသိုလ်ဝင်စာမေးပွဲလို (ကောင်းခေါင်) ကို ပြောင်းလဲတယ်။ ကောင်းခေါင်မှာ အင်္ဂလိပ်စာကို အဓိက တစ်ဘာသာအဖြစ် ထည့်သွင်းပြဋ္ဌာန်းတယ်။ ဒါဟာ မျိုးချစ်စိတ်တွေ၊ အင်္ဂလိပ်နဲ့ ကိုလိုနီနယ်ချဲ့ဆိုရင် အတုံးလိုက် အတစ်လိုက် မုန်းခိုင်းနေတဲ့စိတ်တွေ၊ ခံယူချက်တွေကို ဖြေလျှော့လိုက် သလို ဖြစ်သွားစေတော့တာပဲ။

ရလဒ်ကလူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ဖြစ်တဲ့ သန်း ၄၀၀ လောက်ဟာ ခုဆိုရင် အင်္ဂလိပ်စာကို အလူးအလဲ သင်ယူနေကြတာပဲဖြစ်တယ်။ တရုတ်မှာ TOFEL ကိုဖွင့်ပေးလိုက်ရော ဖြေဆိုဖို့ စာရင်းသွင်းလာတဲ့ သူပေါင်းက ၃၀၀,၀၀၀ တောင်တဲ့။ ကမ္ဘာမှာ အများဆုံး TOFEL ဖြေတဲ့စာရင်းဖြစ်ကုန်တော့တာ။

တရုတ်ရဲ့ စစ်မျက်နှာဖွင့်နေပုံကို သဘောပေါက်ကြသလားတော့ မပြောတတ်ဘူး။ နိုင်ငံတကာမှာ လုပ်ငန်းတွေ လိုက်ထူထောင်ပြီးတော့ “တရုတ်စကား၊ စာတတ်သူများကိုအလုပ်ခန့်မည်” ဆိုပြီး လိုက်လုပ်နေကြတယ်။ နိုင်ငံတကာမှာ တရုတ်စာတတ်သူတွေ အလုပ်ရတယ်ဆိုတာကို လိုက်ပြီး ပုံဖော်နေတယ်။ သူ့နိုင်ငံမှာတော့ အင်္ဂလိပ်စာကို အရေးတကြီးသင်နိုင်အောင် လုပ်ပေးနေတယ်။ မြင်တတ်အောင်ကြည့်ဖို့လိုလာပြီ။ အင်္ဂလိပ်စာဟာ အရေးမကြီးဘူးဆိုရင် သူတို့ဒီလောက် လှုပ်ရှားနေကြပါ့မလား။

တရုတ်တွေ အင်္ဂလိပ်စာသင်တယ်၊ ကမ္ဘာအနှံ့ထွက်ပြီး အလုပ်တွေလုပ်တယ်။ နည်းပညာတွေကို လိုက်ယူတယ်။ ပြီးရင် ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး ထုတ်ကုန်တွေထုတ်တယ်။ ထုတ်ကုန်တွေကို ဈေးနှုန်းအသက်သာဆုံးနဲ့ ကမ္ဘာအနှံ့ လိုက်ဖြန့်တယ်။ 

တရုတ်ဟာ လာမယ့် ၂၀၃၀ လောက်ဆိုရင် ကမ္ဘာ့ကုန်သွယ်နိုင်ငံတော်ကြီးဖြစ်အောင် လုပ်ဆောင် နေတယ်။ သွားကြားထိုးတံကနေ အာကာသထဲလွှတ်တဲ့ ဂြိုဟ်တုအဆုံး သူ့ပစ္စည်းတွေ မသုံးမဖြစ် သုံးလာအောင် လုပ်တော့မယ်။

တရုတ်မှာ အင်္ဂလိပ်စာ သင်နေကြပြီဆိုတာ ဘာမှမဟုတ်တဲ့ သတင်းလေးပါ
ဒါပေမဲ့ ကွန်မြူနစ်တွေ ဘာကြောင့် ပြောင်းလဲနေကြသလဲ

အင်္ဂလိပ်စာသင်ကြားရေးကို လေ့လာနိုင်ရေးကို ပြဿနာရှာပြီး ဘာမှဖြစ်မလာနိုင်သေးတဲ့ နိုင်ငံတွေ ဆင်ခြင်ကြဖို့ ပါ။

အရေးမပါ ... တန်ဖိုးမရှိ ... ကိုယ့်တန်ဖိုး ကိုယ့်နေရာမသိ ပေါက်လွှတ်ပဲစား စကားတွေပြောပြီး ပညာရေး ဦးတည်ချက် လမ်းကြောင်းပြောင်းအောင် လုပ်နေကြမယ့်အစား

ကမ္ဘာကိုကြည့်ပြီး 

ကိုယ့်မြန်မာပညာရေး တိုးတက်မှုကိုသာ ဦးစားပေး

အငြိုး အမုန်းတွေ ဘေးဖယ်

အာဃာတတွေအသာထား

ကိုယ့်တပ်ကိုယ်နင်းပြီး အောက်တန်းကျနေတာတွေရပ်

ငါတို့ကို သေနတ်တစ်ချက်မှ မဖောက်ဘဲ လွှမ်းမိုးတော့မယ့်သူတွေကို သိမြင်

ပညာရေးကို ပြုပြင်ပြောင်းလဲကြပါတော့ဗျာ။

(Ref: China.org.cn)

(Photo: Xinhua)

တင်ညွန့်


Comments